Wednesday, July 7, 2010

“ဝါဆိုလပြည့်ဓမ္မစကြာနေ့”

0 မှတ်ချက်များ
“ဝါဆိုလပြည့်ဓမ္မစကြာနေ့”
ဦးထွန်းဝင်း (ဘီအေ၊ ဓမ္မာစရိယ)


ဘုရားအလောင်းတော် သိထ္တမင်းသားသည် အနော်မာသောင်ကမ်း၌ ဆံတော်ကိုပယ်ကာ တောသို့ဝင်ပြီး အာဠာရနှင့်ဥကဒ ရသေ့ကြီးနှစ်ပါးထံနည်းခံ၍ တရားကျင့်ရာ လောကီဈာန်သမာပတ် များကိုသာရ၍ အမတနိဗ္ဗာန်တရားမှန်ကိုမရသဖြင့် ထိုအရပ်ဒေသမှဖယ်ခွါ ထွက်ခွါခဲ့လေသည်။
ဥရုဝေလတော နေရဉ္ဇနာမြစ်ကမ်းပါးတွင် ပဉ္စဝဂ္ဂီငါးဦးတို့၏ လုပ်ကျွေးပြုစုမှုကိုခံယူ၍ ဒုက္ကစရိယာ ခြောက်နှစ်ကြာအောင် ကျင့်ပါသော်လည်း အမတနိဗ္ဗာန်တရားမှန်ကိုမရသဖြင့် ပြင်းထန်သောအကျင့် ကိုစွန့်ပယ်၍ တရားလမ်းကြောင်းပြောင်းရန် အစာရေစာများ ပြန်လည်မှီဝဲသဖြင့် ပဉ္စဝဂ္ဂီငါးဦးတို့က တရားထူးရတော့မည် မဟုတ်ဟု အထင်လွဲကာ ဖဲခွါထွက်သွားကြ လေတော့သည်။


ဗုဒ္ဓအလာင်းတော်သည် ပြင်းထန်လွန်းသော နှစ်ဖက်စွန်းကျင့်စဉ်ကို ပယ်၍ အလယ်အလတ် မဇ္ဈိမ ပဋိပဒါ သမထဘာဝနာကျင့်စဉ်ဖြင့် မဟာသက္ကရာဇ် ၁၀၃- ခု (ခရစ်မပေါ် မှီ ၅၄၄ နှစ်) (၅၄၄- ဘီစီ) ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဗောဓိပင်နှင့်ရွှေပလ္လင်ပေါ် ၌ သဗ္ဗညုတ အလုံးစုံကိုသိတော်မူသော ဘုရားရှင် ဖြစ်တော်မူခဲ့ပါသည်။ ထို့ကြောင့် ကဆုန်လပြည့် ဗုဒ္ဓနေ့ဟု ခေါ်ဆိုသတ်မှတ်ကြပါသည်။ ဘုရားဖြစ်လျှင်ဖြစ်ချင်း ပထမဆရာများဖြစ်ခဲ့ကြသော အာဠာရနှင့်ဥဒက ရသေ့နှစ်ပါးတို့အား ကျေး ဇူးဆပ်တရားဟောရန် ဆင်ခြင်ရာ စုတေ့ကွယ်လွန်ကုန်ကြပြီးဖြစ်၍ ဥရုဝေလတောတွင် အနီးကပ်အ လုပ်အကျွေးပြုစုခဲ့ကြသော ပဉ္စဝဂ္ဂီငါးဦးတို့ရှိရာ မိဂဒါဝုန်တောသို့ ကြွ၍ ဝါဆိုလပြည့် စနေနေ့၌ ဓမ္မစ ကြာတရားဦး ဒေသနာတော်ကို ဟောတော်မူခဲ့လေသည်။ ထို့ကြောင့် ဝါဆိုလပြည့်ကို “ဓမ္မစကြာနေ့” ဟူ၍ သတ်မှတ်ခေါ်တွင်ကြလေသည်။

“ဒွေမေဘိက္ခဝေ” အစချီသော ဓမ္မစကြာတရားတော်ကိုဟော၍အဆုံး၌ အရှင်ကောဏ္ဍည သည် သောတာပန်အဖြစ်သို့ ရောက်လေ၏။ ထို့နောက် “ဧဟိဘိက္ခု” (ရဟန်းလာလော့) ရဟန်းအဖြစ်ကိုခံ ယူလေ၏။ ဗုဒ္ဓဘုရားရှင်သည် မိဂဒါဝုန်တော၌ပင် ဝါကပ်တော်မူလျက် ဝါဆိုလပြည့်ကျော် (၁) ရက်နေ့မှစ၍ မြို့ ရွာ အတွင်းသို့ ဆွမ်းခံမျှကြွတော်မမူဘဲ ပဉ္စဝဂ္ဂီငါးဦးတို့၏ ကမ္မဌာန်းအလုပ်၌ ဖြစ်ပေါ်တတ်သော အညစ်အကြေး အနှောင့်အယှက်တို့ကို တားဆီးရန်အလို့ငှာ နေ့ညဥ့်မပြတ် အဆုံးအမသြဝါဒပေးခြင်း ဖြင့် ကျောင်းတိုက်အတွင်းမှာပင် သီတင်းသုံးနေတော်မူ၏။

ပဉ္စဝဂ္ဂီ ငါးဦးတို့အနက် နှစ်ပါးသောရဟန်းတို့ကို ဆုံးမသြဝါဒပေးတော်မူစဉ် သုံးပါးသောရဟန်းတို့ သည် ဆွမ်းအတွက်လှည့်လည်ကြကုန်၏။ ထိုဆွမ်းဖြင့် ဗုဒ္ဓဘုရားရှင်နှင့်တကွ ပဉ္စဝဂ္ဂီ ငါးဦးတို့သည် မျှတ ကုန်၏။ သုံးပါးသောရဟန်းတို့ကို ဆုံးမသြဝါဒပေးတော်မူစဉ် နှစ်ပါးသောရဟန်းတို့သည် ဆွမ်းအ တွက်လှည့်လည် ကြကုန်၏။ ထိုဆွမ်းဖြင့် အားလုံးခြောက်ပါးတို့ မျှတကြကုန်၏။ ဤနည်းဖြင့် အဆုံး အမသြဝါဒပေးတော်မူရာ ဝါဆိုလပြည့်ကျော် (၁) ရက်နေ့၌ ဝပ္ပ မထေရ် သောတာပန်ဖြစ်၏။ ဝါဆို လပြည့်ကျော် (၂) ရက်နေ့၌ ဘဒ္ဒိယ မထေရ် သောတာပန်ဖြစ်၏။ (၃) ရက်နေ့၌ မဟာနာမ် မထေရ် သောတာပန်ဖြစ်၏။ (၄) ရက်နေ့၌ အဿရိ မထေရ် သောတာပန်ဖြစ်၏။ ဤသို့အစဉ်အတိုင်း သော တာပတ္တိဖိုလ်၌တည်ကြ၍ “ဧဟိဘိက္ခု” ရဟန်းအဖြစ်ကို အသီးသီးခံယူကြလေ၏။

ဝါဆိုလပြည့်ကျော် (၅) ရက် ရဟန္တာနေ့ ။ ဝါဆိုလပြည့်ကျော် (၅) ရက်နေ့၌ ဗုဒ္ဓဘုရားရှင်သည် ပဉ္စဝဂ္ဂီငါးဦးတို့အား အနတ္တလက္ခဏာသုတ်ကို ဟောကြားတော်မူ၏။ သုတ်အဆုံး၌ ပဉ္စဝဂ္ဂီငါးဦးတို့ သည် အရဟတ္တဖိုလ်တည်ကြ၍ “ရဟန္တာ” ဖြစ်ကြလေ၏။

ဗုဒ္ဓဂေါတမ၏သာသနာတော်၌ ပဉ္စဝဂ္ဂီငါးဦးတို့သည် ရှေးဦးစွာရဟန္တာဖြစ်ကြသူများဖြစ်၏။

ဝါဆိုလပြည့်ကျော် (၅) ရက်နေ့သည် လူသားငါးဦးတို့ ရှေးဉီးစွာရဟန္တာဖြစ်သောနေ့ဖြစ်သဖြင့် “ရဟန္တာနေ့” ဟု ဥဒါန်းမော်ကွန်းတွင်လေ၏။ ဝါဆိုအဓိပ္ပါယ်မှာ ရဟန်းသံဃာတော်များ ဝါတွင်းသုံးလ ဝါဆိုလပြည့်ကျော် (၁) ရက်နေ့မှ (ဝါကျွတ်) သီတင်းကျွတ်လပြည့်နေ့ထိ ခရီးမထွက်၊ ဒေသစာရီမကြွဘဲ မိမိကျောင်းတွင် သီတင်းသုံးနေထိုင်ခြင်းပင်ဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့သိမ်တွင် “ပဝါရဏာ” “ပန်ကြားခြင်း” “မြင်၊ ကြား၊ သံသယ ယုံမှားခြင်း” ရှိပါက ပြောဆိုကြပါ “ပန်ကြားပြုကြပြီး” လျှင် ဝါဆိုခြင်းကိစ္စပြီးဆုံးခြင်းကို ဝါကျွတ်သည်၊ ဝါမှထွက်သည်ဟု ခေါ်ဆိုကြပါသည်။

ဓမ္မစကြာအဓိပ္ပါယ် -
ဓမ္မ + စက္က >စကြာ > စက်ဝိုင်း
ဓမ္မ = သဘောတရား - လည်ပတ်သောလှည်းဘီး၊ လည်ပတ်နေသောစက်ဝိုင်း
ဗုဒ္ဓက ဓမ္မစကြာတွင် -
အစွန်းအယုတ်ဟုခေါ်ဝေါ်သမုတ်အပ်ကုန်တရား နှစ်(၂) ပါးရှိသည်။ (၁) ပထမ တစ်ပါးမှာ ယုတ်မာ သော ရွာသူ ရွာသား မြို့သူ မြို့သားတို့၏ လက်သုံး လက်ကိုင်ဖြစ်သော၊ ပုထုစဉ်သတ္တဝါတို့၏ အလေ့ အမူအရာဖြစ်သော၊ အရိယပုဂ္ဂိုလ်တို့နှင့်မဆိုင်သော၊ အကျိုးတစုံတရာနှင့်မျှ မစပ်ယှဉ်သော လောကီ အာရုံကာမဂုဏ်တို့၌ ကာမချမ်းသာကို သာယာတုံငြားလိုက်စားအားထုတ်မှုဟုဆိုအပ်သော အကြင် အစွန်းသမုတ် အယုတ်တရားမျိုးသည်ရှိလေ၏။ ဤသည်ကား (၁) ပါးတည်း။ (ဆိုလိုသည်မှာ - အိမ် ထောင်ပြု ၊ သားမွေး လင်နှင့်မယား ကာမချမ်းသာနှင့်ပျော်ပါးနေသောလမ်း။ (ကာမသုခလ္လိကာနု ယောဂ)

(၂) ဒုတိယတစ်ပါးမှာ - ကိုယ်ချမ်းသာမှုမဖက် ဆင်းရဲမှုသက်သက်မျှသာဖြစ်သော၊ အရိယပုဂ္ဂိုလ်တို့ နှင့်မဆိုင်သော၊ အကျိုးတစုံတရာနှင့်မစပ်ယှဉ်သော၊ ရေချိုး၊ မီးလှုံ၊ ဆူပုံ၌အိပ်ခြင်း အစရှိသသည့် မိမိ ကိုယ်ကိုပင်ပန်းအောင်သာလွန်ကြိုးစားလေ့ရှိသော အကြင်အစွန်းဟုခေါ်ဝေါ်သမုတ် အယုတ်တရားမျိုးရှိ လေ၏။ ဤသည်ကား (၁) ပါးတည်း။ (ဆိုလိုသည်မှာ - မိမိကိုယ်ကိုအမျိုးမျိုးနှိပ်စက်၍ကျင့်သော အကျင့် (အတ္တကိလမထာနုယောဂ) ဖြစ်၏။

အလယ်လမ်း (ကျင့်စဉ်)
“မဇ္ဈိမာပဋိပဒါ”
စင်စစ်နှစ်ပါးကုန်သော ထိုအစွန်း(အယုတ်) တရားတို့ကို မကပ်မရောက် (မကျင့် မပြုလုပ်) မူ၍ ဗုဒ္ဓ(ငါ ) ဘုရားသည် အကြင် အလယ်လမ်းဟုဆိုအပ်သောအကျင့်မြတ်ကို သဗ္ဗညုတ အလုံးစုံကိုသိ တော်မူသောဉာဏ်တော်အလင်းဖြင့် ထိုးထွင်း၍သိတော်မူအပ်လေပြီ။

ထိုအလယ်လမ်းဟုဆိုအပ်သော အကျင့်မြတ်သည် (၁) သစ္စာလေးပါးကိုမြင်စေနိုင်ဘိသော ပညာ မျက်စိကိုလည်းပြုပြင်စီရင်တတ်ပေ၏။ (၂)အသိဉာဏ်ပွင့်လင်းမှုကိုလည်းပြုပြင်စီရင်တတ်ပေ၏။ (၃) ကိလေသာမီးအပြီးချုပ်ငြိမ်းစေခြင်းငှါ၊ ဉာဏ်ကွန်မြူး၍အထူးသိစေခြင်းငှါ၊ မဖေါက်မပြန် မှန်ကန် ကေားင်းမွန်စွာသိစေခြင်းငှါ ၊ ဒုက္ခခပ်သိမ်းချုပ်ငြိမ်း၍ ဇာတ်သိမ်းခြင်းငှါဖြစ်၏။ ထိုအလယ်လမ်း ဟုဆိုအပ်သောအကျင့်မြတ်သည် အဘယ်နည်း။ အရိယာမြင့်မြတ်သော ပုဂ္ဂိုလ်တို့၏လက်ကိုင် ဖြစ်၍ မြင့်မြတ်သောအင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ဤမဂ္ဂင်ရှစ်ပါးတရားသည်ပင်တည်း။ ဤမဂ္ဂင်ရှစ် ပါးတရားဟူသည် အဘယ်နည်း။

(*သမ္မာကို မှန်ကန် (သော) ၊ တရား (သော )၊ လမ်းကျ (သော )၊ ကောင်း(သော )ဟူ၍ပြန်ဆိုနိုင် ၏။)

၁) ကောင်းစွာမြင်ခြင်း = သမ္မာဒိဋ္ဌိ
၂) ကောင်းစွာကြံခြင်း = သမ္မာသင်္ကပ္ပ
၃) ကောင်းစွာပြောဆိုခြင်း = သမ္မာဝါစာ
၎) ကောင်းစွာပြုလုပ်ခြင်း = သမ္မကမ္ဖ န္တ
၅) ကောင်းစွာအသက်မွေးခြင်း = သမ္မာအာဇီဝ
၆) ကောင်းစွာအားထုတ်ခြင်း = သမ္မာဝါယမ
၇) ကောင်းစွာအောက်မေ့ခြင်း = သမ္မာသတိ
၈) ကောင်းစွာတည်ကြည်ခြင်း = သမ္မာသမာဓိ

မဂ်စိတ် (၄) ခု၌ရှိသော အထက်ပါ မဂ္ဂင်တရားကိုယ်ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။ ဤမဂ္ဂသစ္စာ ကိုကျင့်ကြံပွါးများအားထုတ်လျှင် သန္တိသုခ ချုပ်ငြိမ်းရာအမှန်နိဗ္ဗာန်တည်းဟူသော နိရောဓသစ္စာကို ရရှိနိုင်ပါ၏။ ထို့ကြောင့်မဂ္ဂသစ္စာသည် အကြောင်းတရားသစ္စာဖြစ်၏။ ထိုအကြောင်းကြောင့် အကျိုးသစ္စာနိရောဓသစ္စာကို ရရှိ၏။ ဤသို့အကြောင်း အကျိုးလည်ပတ်သော ကြောင့်ဓမ္မစက္က = ဓမ္မစကြာ = လှည်းဘီးကဲ့သို့လည်ပတ်သောစက်ဟူ၍ဆို၏။

သစ္စာလေးပါး ဓမ္မစကြာတရား
သစ္စာလေးပါး (အဘိဓမ္မာတရားကိုယ် )
၁။ လောကီစိတ် (၈၁) လောဘကြည်သော (မပါသော ) ၊ စေတသိက် (၅၁)။ ရုပ် (၂၈)။ ဤတေဘူမိကဖြစ်သော ဝဋ်တရားသည် ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) မည်၏။

ဓမ္မစကြာသုတ်လာ ဆင်းရဲဒုက္ခ (၈)မျိုး
၁) ပဋိသန္ဓေတည်နေရခြင်းသည်လည်းဆင်းရဲ၏။
၂) အိုရခြင်းသည်လည်း ဆင်းရဲ၏။
၃) နာရခြင်းသည်လည်း ဆင်းရဲ၏။
၎) သေရခြင်းသည်လည်း ဆင်းရဲ၏။
၅) မချစ်သောသူ (ရုပ်နာမ်စသည်တို့နှင့်) အတူနေရခြင်းသည်လည်း ဆင်းရဲ၏။
၆) ချစ်နှစ်သက်သောသူ (နိဗ္ဗာန်ချမ်းသာ) တို့နှင့်ကွေကွင်းရခြင်းသည်လည်း ဆင်းရဲ ၏။
၇) လိုချင်ရာကို (နိဗ္ဗာန်ချမ်းသာ) မရခြင်းသည်လည်း ဆင်းရဲ၏။
၈) အကျဉ်းအားဖြင့်စွဲလမ်းရာ အာရုံဖြစ်သောခန္ဓငါးပါးတို့သည် ဆင်းရဲကုန်၏။
ဤဒုက္ခသစ္စာသည်ကား အကျိုးတရား (ဆင်းရဲအမှန်) သစ္စာဖြစ်၏။ ဗုဒ္ဓသည် တရားရှာသူ ၊ တရားနာယူသူများအလွယ်တကူသိမြင်နိုင်စေရန်အတွက် အကျိုးတရား ဒုက္ခသစ္စာကို ပထမထား၍ ဟော၏။
၂။ ဒုက္ခဆင်းရဲ၏ ဖြစ်ရန်အကြောင်းတရားဖြစ်သော တဏှာဟူသော လောဘစေတသိက်သည် သမုဒယ သစ္စာ(ဆင်၊ရဲဖြစ်ကြောင်းအမှန်ဖြစ်၏။
လိုချင်တပ်မက်ခြင်းတည်၊ ဟူသောတဏှာလောဘကြောင့် ရုပ်နာမ်ခန္ဓာကိုရရှိသဖြင့် ထိုဒုက္ခ(ဆင်း ရဲ)သစ္စာကိုရရှိကြသည်။
ဤသို့ တဏှာလောဘ သမုဒယ သစ္စာတည်းဟူသော အကြောင်းတရားကြောင့် အကျိုးတရား များဖြစ်သော ဒုက္ခဖြစ်ရလေ၏။

သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်၏ မဂ္ဂသစ္စာကြောင့် နိရောဓသစ္စာကိုရ၏ ဤသို့ ကြောင်း ကျိုးစက်လည်ပတ်ခြင်းကို ဓမ္မစကြာခေါ်ဆိုလေသည်။

အနတ္တအဓိပ္ပာယ်

အနတ္တ =ငါမဟုတ်၊ မိမိအလိုသို့ မလိုက်ပါခြင်း အစိုးတရမိမိဖြစ်ချင်သကဲ့သို့ မဖြစ်ခြင်း အနတ္တ = န +အတ္တ (အန် +အ)
န =မဟုတ် ၊ အတ္တ =ငါ =အနတ္တ =ငါမဟုတ် တနည်းအားဖြင့် =အနတ္တသဒ္ဒါသည် (၁) အလိုသို့ မလိုက်ခြင်း ၊ မိမိဖြစ်ချင်သကဲ့သို့ မဖြစ်ခြင်းအနက်။
ဖြစ်ဆဲဥပါဒ်ခဏ၌ ရှိသောရုပ်သည် တည်ဆဲနီ ခဏ သို့ မရောက်ပါစေလင့်။
တည်ဆဲရုပ်သည် မအိုပါစေလင့်။ အိုသော ရုပ်သည် မပြိုမကွဲမပျက်စီးပါစေလင့်။ ဤသို့ စသည်ဖြင့် မိမိ တောင့်တတိုင်း မဖြစ်ခြင်း၊ အလိုသို့ မလိုက်ခြင်း အနက်သဘောကြောင့် “အနတ္တ”မည်၏။

(၂) ပိုင်ဆိုင်သူမရှိခြင်းအနက်။

ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တည်းဟူသော ခန္ဓာငါးပါးရုပ်နာမ်တရားတို့ သည် မိမိတို့  သဘောအတိုင်းသာဖြစ်ပျက်နေကြသည်။ “မည်သို့ ဖြစ်စေ၊ မည်သို့ ရှိစေ” ဟု အမိန့် ပေးနိုင်သည့် ပိုင် စိုးသူတစ်စုံတယောက်မျှမရှိခြင်း အနက်သဘောကြောင့် “အနတ္တ”မည်၏။

(၃) ပြုစုစီမံတတ်၊ ဖန်တီးတတ်သော အနက်သဘောမှ ဆိတ်သုန်းခြင်းအနက်။ ရုပ်၊ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့ သည် ပြုလုပ်တတ်၊ ခံစားတတ်၊ ပြုပြင်စီရင်တတ်၊ ဖန်တီး တတ်သော သဘောမှ ဆိတ်သုန်းခြင်းအနက်သဘောကြောင့် “အနတ္တ” မည်၏။

(၄) တိတ္ထိ တို့က မပျက်မစီးအမြဲတည်တံ့သည်ဟု စွဲယူသော “အတ္တ” ကိုပယ်ခြင်း။ သာသနာပတိတ္ထိ တို့သည် မပျက်မစီးအမြဲတည်သော အမာခံအနှစ်သာရကို “အတ္တ” ဟုကြံဆစွဲ လမ်းကြကုန်၏။ ထိုအမာခံအတ္တသဘောမရှိခြင်းကြောင့် “အနတ္တ”မည်၏။

အနတ္တ ဓါတ်သဘော ဤအနတ္တဓါတ်သဘောသည် ဗုဒ္ဓပွင့်တော်မူသော သာသနာတွင်း၌ လည်းကောင်း၊ ပွင့်တော်မမူ သော သာသနာပအခါ၌လည်းကောင်း၊ မိမိသဘာဝအတိုင်းတည်ရှိ၏။ သို့ရာတွင် ဖေါ်ထုတ်ဟော ကြားမည့်သူမရှိလျှင် သတ္တဝါတို့မသိနိုင်။ ဗုဒ္ဓပွင့်တော်မူလာသောအခါမှသာ ထိုအနတ္တဓါတ်သဘောကို ဟောကြားတော်မူ၏။ ထို့ကြောင့် လူ နတ် ဗြဟ္မာတို့ သိရှိနားလည်ကြရလေ၏။

အနတ္တလက္ခဏာသုတ်အကျဉ်းချုပ်
(က) ခန္ဓာငါးပါးတို့၏ အနတ္တဖြစ်ပုံ
(ခ) ခန္ဓာငါးပါးတို့၏ အနစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်ပုံ၊
(ဂ) ဝိပဿနာပညာ၊ မဂ်ပညာဖြင့်ရှုမြင်ပုံ
(ဃ) ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ ပစ္စဝေက္ခဏာဉာဏ် အဆင့်ဆင့်ဖြစ်ပုံ၊
(င) ပဉ္စဝဂ္ဂီရဟန်းတို့ ရဟန္တာဖြစ်ပုံဟူ၍ အပိုင်း(၅)ပိုင်းဖြင့်ဟောကြားထားပါ၏။
ဤ “ဝါဆိုလပြည့် ဓမ္မစကြာနေ့” တွင် မဂ်ဖိုလ်တရားထူးကိုလိုလားတောင့်တသော သူတော် ကောင်း အမျိုးသား အမျိုးသမီးအပေါင်းတို့သည် အနတ္တလက္ခဏသုတ်ကို(ခန္ဓာငါးပါး ရုပ်နာမ်တရား တို့ကို အနစ္စ၊ အမြဲမရှိ၊ ဒုက္ခဆင်းရဲ၏၊ အနတ္တအစိုးမရ မလိုမလိုက်၊) “ ငါပိုင်သောပစ္စည်းမဟုတ်၊ ငါမဟုတ်၊ ငါ့ကိုယ်မဟုတ်” ဟု ဝိပဿနာဉာဏ်ပညာဖြင့် နေ့ညပွားများအားထုတ်၍ ခန္ဓာငါးပါး၌ အနတ္တလက္ခဏာထင်မြင်လျက် အရဟတ္တဖိုလ်တိုင်အောင်ကြိုးစားအားထုတ်ကျင့်ကြံနိုင်ကြပါစေကုန် သတည်း။
ဦးထွန်းဝင်း B.A
ဓမ္မာစရိယ
ကိုးကားသောစာအုပ်များ
၁။ ဓမ္မာစကြာသုတ်(လေးဘာသာ)
၂။ အနတ္တလက္ခဏသုတ်(လေးဘာသာ)
ဦးထွန်းဝင်း (ဘီအေ၊ ဓမ္မာစရိယ)
၂၀ဝ၆ ခုနှစ် အောက်တိုဘာလ
ဖြူပြာစာပေတိုက်၊ စွယ်တော်ပုံနှိပ်တိုက်
အမှတ် ၈၇/၅၆လမ်း၊ ရန်ကုန်မြို့
ဦးထွန်းဝင်း
နယ်စပ်ဒေသ
၃။ ဓမ္မစကြာသုတ် + အနတ္တလက္ခဏာသုတ်(ပါဠိ + မြန်မာ +အင်္ဂလိပ်)
အေးဝင်းရွှေပုံနှိပ်တိုက်၊ အမှတ် (၂၀၆) ၃၁ လမ်း ရန်ကုန်မြို့ ၁၉၉၃ - ခု ၊ မေလ။

(နိရဉ္ဖရာ မှကူးယူဖော်ပြပါသည်)

0 မှတ်ချက်များ:

Post a Comment

Please leave any your suggestion for us.

ကျောက်ဖြူမြို့ အံ့ဖွယ်သာမော ကံ့ကော်တောဘုရားသမိုင်း ပန်းဂျီကား

Banner 468

Related Posts Plugin for WordPress, Blogger...